ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၉)ရက်မြောက်နေ့ ကျင်းပ နေပြည်တော်၊ စက်တင်ဘာ ၂

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၉)ရက်မြောက်နေ့ ကျင်းပ   နေပြည်တော်၊ စက်တင်ဘာ ၂

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၉)ရက်မြောက်နေ့ကို အစီအစဉ်(၁၀)ခုဖြင့် ကျင်းပသည်။

ရှေးဦးစွာ လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော ပညာရေး သုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို ဥပဒေကြမ်းပူးပေါင်းကော်မတီ အဖွဲ့ဝင် ဒေါ်ကျိန်ငိုက်မန် (ချင်းပြည်နယ်မဲဆန္ဒနယ် အမှတ်-၇) က ဖတ်ကြားတင်ပြပြီးနောက် အဆိုပါဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၄-၉-၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ကလေးသူငယ်များ၏ အခွင့်အရေးများဆိုင်ရာစာချုပ်၏ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲအခြေပြစာချုပ်သို့ မြန်မာနိုင်ငံမှ အတည်ပြုပါဝင်နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၁)ဦး အပါအဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၁၀)ဦးနှင့် တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၁)ဦး အပါအဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၉)ဦး၊ စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်(၁၉)ဦးတို့က ဆွေးနွေး ပြီးနောက် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူသည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဆောက်လုပ်ရေးဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးလက်လမ်းများဆက်သွယ်ရေးစီမံကိန်းဆောင်ရွက်ရန် အာရှဖွံ့ဖြိုးရေး ဘဏ် (ADB)ထံမှ အမေရိကန် ဒေါ်လာ ၅၁.၂၀ သန်း ချေးငွေရယူရေးကိစ္စနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၆)ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၄)ဦး၊ စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်(၁၀)ဦးတို့က ဆွေးနွေးသည်။

ထို့နောက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၉)ရက်မြောက်နေ့ကို (၁၄:၃၀)နာရီ အချိန်တွင် ရပ်နားလိုက်ပြီး (၂၀)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်(ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Related Posts: