ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၂)ရက်မြောက်နေ့ ကျင်းပ နေပြည်တော်၊ စက်တင်ဘာ ၉

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၂)ရက်မြောက်နေ့ ကျင်းပ   နေပြည်တော်၊ စက်တင်ဘာ ၉

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၂)ရက်မြောက်နေ့ကို အစီအစဉ်(၁၁)ခုဖြင့် ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနက လူထုဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)ထံမှ အမေရိကန်ဒေါ်လာ ၁၈၅ သန်း ချေးငွေ ရယူရေးကိစ္စနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တို့က လွှတ်တော်သို့ ရှင်းလင်းတင်ပြပြီးနောက် အဆိုပါချေးငွေနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၁၁-၉-၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဆက်လက်၍ လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော ပညာရေး သုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက်အတည်ပြုရန် ဥပဒေကြမ်းပူးပေါင်း ကော်မတီ အဖွဲ့ဝင် ဦးနေမျိုးထွန်း(ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မဲဆန္ဒနယ်) က အဆို တင်သွင်းဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်များအတွက် ငွေကြေးမူဝါဒ အကောင်အထည်ဖော်ဆောင်ရွက်ချက် အစီရင်ခံစာနှင့် ငွေရေးကြေးရေး တည်ငြိမ်မှုအခြေအနေ အစီရင်ခံစာတို့နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်း က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်က မှတ်တမ်းတင်သည်။

ယင်းနောက် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း၏ ဥပဒေ အကြောင်းအရာများ၊ စီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူပြီး ဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုသည်။

ထို့နောက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၂)ရက်မြောက်နေ့ကို (၁၃:၂၀)နာရီ အချိန်တွင် ရပ်နားလိုက်ပြီး (၂၃)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်(ကြာသပတေးနေ့) နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Related Posts: