ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၂၄)ရက်မြောက်နေ့ ကျင်းပ နေပြည်တော်၊ စက်တင်ဘာ ၁၇

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၂၄)ရက်မြောက်နေ့ ကျင်းပ   နေပြည်တော်၊ စက်တင်ဘာ ၁၇

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၂၄)ရက်မြောက်နေ့ကို အစီအစဉ်(၁၂)ခုဖြင့် ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော် နာယက က ဗိုလ်မှူးချုပ်မောင်မောင်၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦး တင်ပြထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ အသိပေးတင်ပြသည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေတွင် ပါဝင်သော တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာအမှတ်စဉ်(၁၅/၂၀၁၉)ကို ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ-၁ ဦးအောင်မင်း(ဇလွန်မဲဆန္ဒနယ်) က ဖတ်ကြားတင်ပြပြီးနောက် လွှတ်တော်က ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းပြီး အဆိုပါအစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၂၀-၉-၂၀၁၉ ရက် (သောကြာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်းနှင့် ကျန်ရှိသော အစီအစဉ်များကို (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပညာရေးဝန်ကြီးဌာနက လူတိုင်းအကျုံးဝင် အရည်အသွေးမီ ပညာရေးလုပ်ငန်းအစီအစဉ် ဆောင်ရွက်ရန်အတွက် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့ (IDA)ထံမှ အမေရိကန်ဒေါ်လာသန်း ၁၀၀ ချေးငွေရယူရေးကိစ္စနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တို့က လွှတ်တော်သို့ ရှင်းလင်းတင်ပြပြီးနောက် အဆိုပါချေးငွေနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၂၀-၉-၂၀၁၉ ရက် (သောကြာနေ့) မွန်းလွဲ ၁ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့ပြင် လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော အပင်မျိုးသစ်အကာအကွယ်ပေးရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် ဥပဒေကြမ်းပူးပေါင်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး(ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်-၃) က အဆိုတင်သွင်းဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက လူထုဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ အမေရိကန်ဒေါ်လာ ၁၈၅ သန်း ချေးငွေရယူရေးကိစ္စနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၆)ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၇)ဦး၊ စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်(၁၃)ဦးတို့က ဆက်လက်ဆွေးနွေးသည်။

ထို့နောက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၂၄)ရက်မြောက်နေ့ကို (၁၃:၀၀)နာရီ အချိန်တွင် ရပ်နားလိုက်ပြီး (၂၅)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်(ကြာသပတေးနေ့) မွန်းလွဲ ၁ နာရီခွဲတွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Related Posts: