ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၂၆)ရက်မြောက်နေ့ ကျင်းပ နေပြည်တော်၊ စက်တင်ဘာ ၂၀

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၂၆)ရက်မြောက်နေ့ ကျင်းပ   နေပြည်တော်၊ စက်တင်ဘာ ၂၀

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၂၆)ရက်မြောက်နေ့ကို အစီအစဉ်(၁၃)ခုဖြင့် ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော် နာယက က ဗိုလ်မှူးချုပ်အောင်စန်းချစ်၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦး တင်ပြထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် ဦးစိုင်းသန်းနိုင်၊ ကရင်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၅) အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦး တင်ပြထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းတို့နှင့်စပ်လျဉ်း၍ လွှတ်တော်သို့ အသိပေးတင်ပြသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေပါ အရေးပေါ်ရန်ပုံငွေမှ ဆောက်လုပ်ရေးဝန်ကြီးဌာနအတွက် ကျပ် ၁၈၄၁.၈၅၉ သန်း ခွဲဝေသုံးစွဲခဲ့သည့်ကိစ္စရပ်နှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း က ရှင်းလင်းတင်ပြပြီး လွှတ်တော်က မှတ်တမ်းတင်သည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ကမ္ဘာ့ဘဏ်၏ (၁၇)ကြိမ်မြောက် ရန်ပုံငွေ ဖြည့်တင်းမှု အစီအစဉ်အောက်မှ ဖွံ့ဖြိုးမှုမူဝါဒချေးငွေ အမေရိကန် ဒေါ်လာသန်း ၂၀၀ ကို ပယ်ဖျက်ရေးနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ရှင်းလင်းတင်ပြပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။

ထို့ပြင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက လူထုဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ အမေရိကန်ဒေါ်လာ ၁၈၅ သန်း ချေးငွေ ရယူရေးကိစ္စနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တို့က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အာဆီယံဒေသအတွင်း မော်တော်ယာဉ်ဆိုင်ရာထုတ်ကုန်ပစ္စည်းများ အပြန်အလှန်အသိအမှတ်ပြုရေးအစီအစဉ်တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၃)ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၂)ဦး၊ စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်(၅)ဦးတို့က ဆွေးနွေးပြီးနောက် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်း က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။

ပြည်ထောင်စုလွှတ်တော် နာယက က ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန် အစည်းအဝေးကာလ နိဂုံးချုပ်အမှာစကားပြောကြားသည်။

ထို့နောက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၂၆)ရက်မြောက်နေ့ကို (၁၁:၁၀) နာရီ အချိန်တွင် ပြီးဆုံးကြောင်းနှင့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာ ပြီးမြောက်ကြောင်း သတင်းရရှိသည်။

Related Posts: