ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ ကျင်းပ နေပြည်တော်၊ နိုဝင်ဘာ ၂၆

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ ကျင်းပ  နေပြည်တော်၊ နိုဝင်ဘာ ၂၆

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို အစီအစဉ်(၁၃)ခုဖြင့် ကျင်းပသည်။

ရှေးဦးစွာ ဦးစိုင်းသန်းနိုင်၊ ကရင်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၅) အပါအဝင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦး တင်ပြထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး (ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်-၃) က လွှတ်တော်သို့ ဖတ်ကြားတင်ပြပြီးနောက် အဆိုပါအစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၂၈-၁၁-၂၀၁၉ ရက် (ကြာသပတေးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အငယ်ဆုံးအသက်ပြဋ္ဌာန်းချက်အမှတ် -၁၃၈ (၁၉၇၃)ကို မြန်မာနိုင်ငံက လက်ခံကျင့်သုံးနိုင်ရန် အတည်ပြုပါဝင်နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က လွှတ်တော်သို့ ရှင်းလင်းတင်ပြပြီးနောက် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၂၈-၁၁-၂၀၁၉ ရက် (ကြာသပတေးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့ကို ပူးပေါင်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအဖြစ် ပြင်ဆင်သတ်မှတ်ဖွဲ့စည်းရေးကိစ္စနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။

ထို့ပြင် နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော ကမ္ဘာ့အကောက်ခွန်အဖွဲ့က ပြန်လည် သုံးသပ်ထားသော အပြည်ပြည်ဆိုင်ရာ ကျိုတိုသဘောတူစာချုပ်(WCO Revised Kyoto Convention) တွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်(၂)ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၁)ဦး၊ စုစုပေါင်းလွှတ်တော် ကိုယ်စားလှယ်(၃)ဦးတို့က ဆွေးနွေးပြီးနောက် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။

ဗိုလ်မှူးချုပ်မောင်မောင် တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦး ပေးပို့တင်ပြထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၃)ဦး အပါအဝင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်(၇)ဦးနှင့် တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၅)ဦး အပါအဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၈)ဦး၊ စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်(၁၅)ဦး တို့က ဆက်လက်ဆွေးနွေးသည်။

ထို့နောက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို (၁၄:၁၅)နာရီ အချိန်တွင် ရပ်နားလိုက်ပြီး န၀မနေ့ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်(ကြာသပတေးနေ့) နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Related Posts: