ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ ကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ ကျင်းပ   နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို အစီအစဉ်(၁၀)ခုဖြင့် ကျင်းပသည်။

ရှေးဦးစွာ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံရသော ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် က ပြည်ထောင်စုလွှတ်တော် နာယက၏ ရှေ့မှောက်၌ ကတိသစ္စာပြုသည်။

ဆက်လက်၍ လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော မြန်မာနိုင်ငံ ဘူမိသိပ္ပံကောင်စီ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာကို ဥပဒေကြမ်းပူးပေါင်းကော်မတီ အဖွဲ့ဝင် ဦးနေမျိုးထွန်း(ထန်းတပင် မဲဆန္ဒနယ်) က ဖတ်ကြားတင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၁၇-၂-၂၀၂၀ ရက် (တနင်္လာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ပြည်ထောင်စုအစိုးရအဖွဲ့မှပေးပို့သော ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဝန်ကြီးဌာန/အဖွဲ့အစည်းများ၏ ဒုတိယ ၆ လပတ် အခွန်ရငွေများနှင့်စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်း က လွှတ်တော်သို့ ရှင်းလင်းတင်ပြပြီးနောက် အဆိုပါ အခွန်ရငွေများနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ(၂/၂၀၂၀)ကို ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ-၂ ဦးစောသန်းထွဋ်(ကရင်ပြည်နယ်မဲဆန္ဒနယ် အမှတ်-၂) က ဖတ်ကြားတင်ပြပြီး လွှတ်တော်က ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းပြီးနောက် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၁၇-၂-၂၀၂၀ ရက် (တနင်္လာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့ပြင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှပေးပို့သော ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလ အထိ ၆ လ အတွက် စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ ဒုတိယတွဲ(၁/၂၀၂၀)နှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၁၃)ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၉)ဦး၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်(၂၂)ဦးတို့က ဆွေးနွေးသည်။

ထို့နောက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို (၁၄:၄၀)နာရီ အချိန်တွင် ရပ်နားလိုက်ပြီး န၀မနေ့ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Related Posts: