ဒုတိယအကြိမ်လွှတ်တော် အစည်းအဝေးများကျင်းပရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၂/၂၀၂၀) ကျင်းပ နေပြည်တော် ဧပြီ ၃၀

ဒုတိယအကြိမ်လွှတ်တော် အစည်းအဝေးများကျင်းပရေး ဗဟိုကော်မတီနှင့်   လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၂/၂၀၂၀) ကျင်းပ   နေပြည်တော် ဧပြီ ၃၀

ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီနှင့် လုပ်ငန်း ကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၀) ကို ယနေ့နံနက် ၁၀၀၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဒုတိယအကြိမ်လွှတ်တော်အသီးသီး၏ (၁၆) ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၈ ရက်တွင် စတင်ကျင်းပရန် ကြေညာထားပြီးဖြစ်ပါကြောင်း၊ ယခု ခေါ်ယူထားသည့် လွှတ်တော်အစည်းအဝေးတွင် လက်ရှိကာလအတွင်း မဖြစ်မနေဆောင်ရွက်ပေးရမည့် ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု၏နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းအပါအဝင် လွှတ်တော်ဆိုင်ရာလုပ်ငန်းများကို ဦးစားပေးအလိုက် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ထိုလုပ်ငန်းစဉ်များကို အချိန်ကာလတိုအတွင်း အဆင်ပြေချောမွေ့စွာ ပြီးစီးရေးဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှု ခံယူနိုင်ရေးနှင့် သွားလာနေထိုင်ရေးတို့အတွက် ပြည်ထောင်စု အစိုးရအဖွဲ့အပါအဝင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်း၍ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အစည်းအဝေးကာလမတိုင်မီ ကြိုတင်၍ COVID-19 ရောဂါ ရှိ/ မရှိ စစ်ဆေးပေးနိုင်ရေးအတွက် အစည်းအဝေးတက်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် နေပြည်တော်သို့ မေလ ၉ ရက်ထက် မစော ၁၀ ရက်ထက်နောက်မကျစေဘဲ လာရောက်ကြရန် ပြင်ဆင်ခေါ်ယူသွားမည် ဖြစ်ပါကြောင်း၊ မဲဆန္ဒနယ်မြေအသီးသီးမှ အစည်းအဝေး တက်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်များ နေပြည်တော်သို့ အချိန်မီလာရောက်နိုင်ရေးကိုလည်း သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ထားပါကြောင်း၊ ယခုကျင်းပပြုလုပ်မည့် လွှတ်တော်များ၏ (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်း ကော်မတီများအနေဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်နှင့် လုံခြုံရေးနှင့်ကျန်းမာရေးကို အထူးဂရုပြုဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ဗဟိုကော်မတီနာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက (၁၆)ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၇ ရက်တွင် စတင်ကျင်းပရန် လျာထားခဲ့သော်လည်း COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေကြောင့် ရွှေ့ဆိုင်း ထားခြင်းဖြစ်ပါကြောင်း၊ ယခုအခါတွင် လွှတ်တော်အစည်းအဝေး ခေါ်ယူဆောင်ရွက်ပေးရမည့် လုပ်ငန်းကိစ္စရပ်များအတွက် ကန့်သတ်ကာလအခြေအနေအရ လွှတ်တော်အစည်းအဝေးကို ခေါ်ယူပေးရခြင်း ဖြစ်ပါကြောင်း၊ COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှုအန္တရာယ် ကာကွယ် ထိန်းချုပ်ရေးအတွက် သင့်လျော်ကောင်းမွန်သည့် အစီအစဉ်များဖြင့် လွှတ်တော်အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေးနည်းလမ်းများကို ဝိုင်းဝန်းအကြံပေးကြရန်နှင့် ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက လုပ်ငန်းကော်မတီအလိုက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက က လုပ်ငန်းကော်မတီများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ)ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီအတွင်းရေးမှူးများနှင့် လွှတ်တော်ရုံးအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

Related Posts: