ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပ နေပြည်တော်၊ မေ ၂၁

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပ   နေပြည်တော်၊ မေ ၂၁

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို အစီအစဉ်(၂၀)ခုဖြင့် ကျင်းပသည်။

ရှေးဦးစွာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂ ပုဒ်မခွဲ (က)နှင့် ပုဒ်မ ၃၂ ပုဒ်မခွဲ(ခ)တို့ကို ပြင်ဆင်နိုင်ရန် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရေးနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသန်းအောင် က လွှတ်တော်သို့ ရှင်းလင်းတင်ပြပြီး သဘောတူညီချက် ရယူသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတရုံးမှ ပေးပို့ထားသော တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်းရှိ ကျေးရွာအုပ်စု၊ ကျေးရွာများ ပြင်ဆင်ဖွဲ့စည်းခြင်းတို့ကို လွှတ်တော်သို့ တင်ပြ၍ မှတ်တမ်းတင်သည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေပါ အရေးပေါ်ရန်ပုံငွေမှ နယ်စပ်ရေးရာဝန်ကြီးဌာနအတွက် ကျပ် ၂၀၉၉.၃၁ သန်း ခွဲဝေသုံးစွဲ ခဲ့ခြင်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က ရှင်းလင်းတင်ပြပြီး လွှတ်တော်က မှတ်တမ်းတင်သည်။

ထို့ပြင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂၀၁၉ - ၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏ လိုငွေဖြည့်ဆည်းရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးငွေ ကျပ် ၁၃၁၁.၀၆၄ ဘီလီယံအတွင်းရယူရေးနှင့်စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ် တို့က လွှတ်တော်သို့ ရှင်းလင်းတင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၂၅-၅-၂၀၂၀ ရက် (တနင်္လာနေ့) မွန်းလွဲ ၁ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော COVID-19 ရောဂါကြောင့် လူမှုစီးပွားရေး ထိခိုက်မှုများကို ကုစားနိုင်ရေးနှင့် မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒ၊ ပြုပြင်ပြောင်းလဲမှု တိုးတက်ရေးအတွက် ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ထံမှ ဂျပန်ယန်း ၃၀ ဘီလီယံ ချေးငွေရယူရေးနှင့်စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က လွှတ်တော်သို့ ရှင်းလင်းတင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၂၅-၅-၂၀၂၀ ရက် (တနင်္လာနေ့) မွန်းလွဲ ၁ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေအာမခံကော်ပိုရေးရှင်း တည်ထောင်ရန် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ အမေရိကန် ဒေါ်လာသန်း ၆၀ ချေးငွေရယူရေး နှင့်စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က လွှတ်တော်သို့ ရှင်းလင်းတင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၂၅-၅-၂၀၂၀ ရက် (တနင်္လာနေ့) မွန်းလွဲ ၁ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အဋ္ဌမအကျော့ အာဆီယံငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ ဖြေလျှော့ပေးရေး သဘောတူညီချက်အသက်ဝင်ရေး အတည်ပြု စာချွန်လွှာတွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးနှင့်စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က လွှတ်တော်သို့ ရှင်းလင်းတင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၂၅-၅-၂၀၂၀ ရက် (တနင်္လာနေ့) မွန်းလွဲ ၁ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် မြန်မာ- ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတား တည်ဆောက်ရေး စီမံကိန်းတိုးချဲ့ရန် ကိုရီးယားသမ္မတနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပူးပေါင်း ဆောင်ရွက်ရေးရန်ပုံငွေ (EDCF) ထံမှ အမေရိကန်ဒေါ်လာသန်း ၂၀ ချေးငွေ ရယူရေးနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တို့က လွှတ်တော်သို့ ရှင်းလင်းတင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၂၅-၅-၂၀၂၀ ရက် (တနင်္လာနေ့) မွန်းလွဲ ၁ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဆောင်ရွက်မည့်အီလက်ထရောနစ်စနစ်ဖြင့် လူဦးရေ မှတ်ပုံတင်ခြင်း စီမံကိန်းအတွက် ဩစတြီးယားနိုင်ငံ၊ Unicredit Bank ထံမှ အတိုးမဲ့ ချေးငွေ ယူရို ၃၃ သန်း ရယူရေးနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တို့က လွှတ်တော်သို့ ရှင်းလင်းတင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၂၅-၅-၂၀၂၀ ရက် (တနင်္လာနေ့) မွန်းလွဲ ၁ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော ကျန်းမာရေးဆိုင်ရာ တုံ့ပြန်မှုအရေးပေါ်စီမံချက် အကောင်အထည်ဖော်ရန် ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့ (IDA) ထံမှ အမေရိကန် ဒေါ်လာသန်း ၅၀ ချေးငွေရယူရေးနှင့်စပ်လျဉ်း၍ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၄)ဦး အပါအဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၈)ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၄)ဦး၊ စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်(၁၂)ဦးတို့က ဆွေးနွေးသည်။

ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း နှစ်ပတ်လည်အစီရင်ခံစာနှင့်စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။

အဆိုပါ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၄/၂၀၂၀)ကို ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ အဖွဲ့ဝင် ဒေါ်ရွှေရွှေစိန်လတ်(ပဲခူးတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်-၃) က ဖတ်ကြားတင်ပြပြီး လွှတ်တော်က ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းပြီးနောက် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၂၅-၅-၂၀၂၀ ရက် (တနင်္လာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘဏ္ဍာငွေအရအသုံးဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာနှင့်စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။

အဆိုပါ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ(၅/၂၀၂၀)ကို ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးခင်မောင်သန်း(တောင်ငူမဲဆန္ဒနယ်) က ဖတ်ကြားတင်ပြပြီး လွှတ်တော်က ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းပြီးနောက် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၂၅-၅-၂၀၂၀ ရက် (တနင်္လာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၃)ဦးနှင့် တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၁)ဦး အပါအဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၃)ဦး၊ စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်(၆)ဦးတို့က ဆွေးနွေးသည်။

ထို့နောက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို (၁၆:၂၀)နာရီ အချိန်တွင် ရပ်နားလိုက်ပြီး တတိယနေ့ကို ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၂ ရက် (သောကြာနေ့) နံနက် (၁၀:၀၀) နာရီတွင် ကျင်းပမည်ဖြစ်သည်။

Related Posts: