ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ ကျင်းပ နေပြည်တော်၊ မေ ၂၇

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ ကျင်းပ   နေပြည်တော်၊ မေ ၂၇

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို အစီအစဉ်(၁၂)ခုဖြင့် ကျင်းပသည်။

ရှေးဦးစွာ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေ သုံးစွဲရေးဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပူးပေါင်းကော်မတီများ၏ သုံးသပ်ချက်အစီရင်ခံစာပါ မူနှင့်အခြေခံသဘောအကြောင်းအရာများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ မူနှင့်အခြေခံသဘောနှင့် ရငွေသုံးငွေဆွေးနွေးခြင်းများအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စား အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ-၁ ဦးအောင်မင်း (ဇလွန်မဲဆန္ဒနယ်) တို့က ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

အဆိုပါဥပဒေကြမ်း၏ ဥပဒေအကြောင်းအရာများ၊ ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ-၁ ဦးအောင်မင်း (ဇလွန်မဲဆန္ဒနယ်) က အဆိုတင်သွင်းဆွေးနွေးပြီး သက်ဆိုင်ရာပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးပြီးနောက် လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။

အဆိုပါ ဥပဒေကြမ်းတစ်ရပ်လုံးကိုအတည်ပြုရန် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က အဆိုတင်သွင်းပြီး လွှတ်တော်၏ အတည်ပြုချက် ရယူသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေအာမခံကော်ပိုရေးရှင်း တည်ထောင်ရန် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ အမေရိကန်ဒေါ်လာသန်း ၆၀ ချေးငွေ ရယူရေးနှင့်စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မဲခေါင်မြစ်ဝှမ်းဒေသ ကျန်းမာရေး လုံခြုံမှုဆိုင်ရာစီမံကိန်းနှင့် COVID-19 ကဲ့သို့သောကမ္ဘာ့ကူးစက်မြန်ရောဂါများ ဖြစ်ပွားလာပါက ကုသရေး ဝန်ဆောင်မှုများ အဆင့်မြှင့်တင်ခြင်းတို့ ဆောင်ရွက်နိုင်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ အမေရိကန်ဒေါ်လာ သန်း ၃၀ ချေးငွေရယူရေးနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တို့က လွှတ်တော်သို့ ရှင်းလင်းတင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၂၈-၅-၂၀၂၀ ရက် (ကြာသပတေးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့ပြင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောင်ရွက် လျက်ရှိသည့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတား တည်ဆောက်ရေး စီမံကိန်းတိုးချဲ့ရန် ကိုရီးယားသမ္မတနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ(EDCF) ထံမှ အမေရိကန် ဒေါ်လာသန်း ၂၀ ချေးငွေရယူရေးနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၄)ဦးတို့က ဆွေးနွေးသည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနက အီလက်ထရောနစ်စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်း စီမံကိန်း ဆောင်ရွက်ရန်အတွက် ဩစတြီးယားနိုင်ငံ၊ Unicredit Bank ထံမှ အတိုးမဲ့ချေးငွေ ယူရို ၃၃ သန်း ရယူရေး နှင့်စပ်လျဉ်း၍ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၂)ဦး အပါအဝင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်(၄)ဦးနှင့် တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၁)ဦး အပါအဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၂)ဦး၊ စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်(၆)ဦး တို့က ဆွေးနွေးသည်။

ထို့နောက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို (၁၆:၃၀)နာရီ အချိန်တွင် ရပ်နားလိုက်ပြီး ဆဋ္ဌမနေ့ကို ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၈ ရက်(ကြာသပတေးနေ့) မွန်းလွဲ (၁၃:၃၀) နာရီတွင် ကျင်းပမည်ဖြစ်သည်။

Related Posts: