ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ကျင်းပ နေပြည်တော်၊ မေ ၂၈

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ကျင်းပ နေပြည်တော်၊ မေ ၂၈

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို အစီအစဉ်(၉)ခုဖြင့် ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော COVID-19 ရောဂါကြောင့် လူမှုစီးပွားရေး ထိခိုက်မှုများကို ကုစားနိုင်ရေးနှင့် မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒပြုပြင်ပြောင်းလဲမှု တိုးတက်ရေး အတွက် ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ထံမှ ဂျပန်ယန်း ၃၀ ဘီလီယံ ချေးငွေရယူရေးနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ပြန်လည် ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂၀၁၉ - ၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် အတွက် ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏ လိုငွေဖြည့်ဆည်းရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးငွေ ကျပ် ၁၃၁၁.၀၆၄ ဘီလီယံအတွင်းရယူရေးနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ် တို့က ပြန်လည် ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အဋ္ဌမအကျော့ အာဆီယံငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းများ ဖြေလျှော့ပေးရေး သဘောတူညီချက်အသက်ဝင်ရေး အတည်ပြုစာချွန်လွှာတွင် မြန်မာ နိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့ (IDA) ထံမှ အမေရိကန် ဒေါ်လာသန်း ၂၀၀ ချေးငွေရယူရေးနှင့်စပ်လျဉ်း၍ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၂)ဦး အပါအဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၇)ဦးနှင့် တပ်မတော်သားအမျိုးသားလွှတ်တော် ကိုယ်စားလှယ်(၁)ဦး အပါအဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၉)ဦး၊ စုစုပေါင်းလွှတ်တော် ကိုယ်စားလှယ်(၁၆)ဦးတို့က ဆွေးနွေးသည်။

ထို့နောက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို (၁၆:၁၅)နာရီ အချိန်တွင် ရပ်နားလိုက်ပြီး သတ္တမနေ့ကို ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၉ ရက်(သောကြာနေ့) နံနက် (၁၀:၀၀) နာရီတွင် ကျင်းပမည်ဖြစ်သည်။

Related Posts: