စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး Virtual ကွန်ဖရင့်သို့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက် နေပြည်တော်၊ ဇူလိုင် ၃၀

စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး Virtual ကွန်ဖရင့်သို့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်   နေပြည်တော်၊ ဇူလိုင် ၃၀

ပြည်ထောင်စုလွှတ်တော်၊ AIPA ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်း ခေါင်းဆောင်သည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ (၁၃:၃၀) နာရီတွင် လွှတ်တော်ဝင်း၊ ဇမ္ဗူသီရိ ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည့် “စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး AIPA ပါလီမန်များ၏ ပူးပေါင်းဆောင်ရွက်မှု” Virtual ကွန်ဖရင့်သို့ ပါဝင်တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား၌ ဗီယက်နမ်အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Hon. Mr. Phung Quoc Hien ၊IPU အထွေထွေအတွင်းရေးမှူးချုပ် Mr. Martin Chungong နှင့် ဗီယက်နမ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ်တို့က အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ AIPA အဖွဲ့ဝင်ပါလီမန် ကိုယ်စားလှယ်အဖွဲ့တို့က အသီးသီး မိန့်ခွန်းပြောကြားခဲ့ပြီး မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က မိန့်ခွန်းပြောကြားရာတွင် “ယနေ့ဆွေးနွေးပွဲ ခေါင်းစဉ်သည် အာဆီယံအသိုက်အဝန်း ထူထောင်မှုတွင် AIPA ၏ အခန်းကဏ္ဍကို မြှင့်တင်ရန်နှင့် AIPA ၏ ဆောင်ရွက်ချက်များကို မြှင့်တင်နိုင်ရန်အရေးပါသည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာလွှတ်တော်အနေဖြင့် နိုင်ငံသားတိုင်းအတွက် ပညာရေးအခွင့်အလမ်းများနှင့် တစ်သက်တာ သင်ယူနိုင်မှုအခွင့်အလမ်းများ ဖန်တီးဆောင်ရွက်ရေးနှင့် နိုင်ငံတကာအဆင့်မီ ပညာရေးသင်ကြားနိုင်ရေး ခေတ်မီနည်းပညာများ အသုံးပြုနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနသို့ အကြံပြုတိုက်တွန်းမည်ဖြစ် ကြောင်း၊ ခရီးသွားလာမှုများ နည်းပါးခဲ့ပါကြောင်း AIPA အနေဖြင့် အာဆီယံဒေသတွင်းရှိ ယဉ်ကျေးမှုအမွေအနှစ်ဇုန်များကို အကာအကွယ်ပေးနိုင်ရန် လုပ်ငန်းစဉ်များ သုံးသပ်ချမှတ်ဆောင်ရွက်သင့်ပါကြောင်းနှင့် ရှေးဟောင်းအမွေအနှစ် ခရီးသွားလုပ်ငန်းလည်ပတ်မှု အားကောင်းစေရန် ဆောင်ရွက်သင့်ပါကြောင်း” ဆွေးနွေးခဲ့သည်။

ထို့နောက် ဗီယက်နမ်နိုင်ငံ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့်ပညာရေးနှင့် လေ့ကျင့်ရေးဝန်ကြီးဌာနတို့က အာဆီယံဒေသတွင်း ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နှင့်စပ်လျဉ်းသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ကုလသမဂ္ဂ၊ ပညာရေး၊သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာရုံး (UNESCO)က စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကမ္ဘာ့ဘဏ် (World Bank) မှ ကိုယ်စားလှယ်က “ပညာရေးစနစ်များ မြှင့်မားလာရေး အာဆီယံဒေသအတွက် သင်ခန်းစာများ” ခေါင်းစဉ်ဖြင့်လည်းကောင်း Presentation ဖြင့် ရှင်းလင်းတင်ပြကြသည်။

အဆိုပါ ဆွေးနွေးပွဲ၌ “အာဆီယံအသိုက်အဝန်း၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ AIPAပါလီမန်များ၏ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး” ခေါင်းစဉ်ဖြင့် အဆိုမူကြမ်းကို အတည်ပြုခဲ့ပြီး သဘာပတိ က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

ဆွေးနွေးပွဲသို့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုလွှတ်တော်၊ AIPA ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်း နှင့်အတူ အတွင်းရေးမှူး ဒေါ်ထုမေ၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီအဖွဲ့ဝင် နော်လှလှစိုးတို့ ပါဝင်တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲ ကို ညနေ (၁၆:၄၀) ခန့်တွင် ရုပ်သိမ်းခဲ့သည်။

Related Posts: