ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ ဖိလစ်ပိုင်သမ္မတနိုင်ငံ၊ မနီလာမြို့၌ ကျင်းပသည့်အာဆီယံနိုင်ငံခေါင်းဆောင်များနှင့် အာဆီယံပါလီမန်များညီလာခံကိုယ်စားလှယ်များ မျက်နှာစုံညီတွေ့ဆုံပွဲ သို့ တက်ရောက် နေပြည်တော် ဧပြီ ၃၀

ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဖိလစ်ပိုင်သမ္မတနိုင်ငံအောက်လွှတ်တော် ဥက္ကဋ္ဌ နှင့် အာဆီယံပါလီမန်များညီလာခံ(AIPA) အလှည့်ကျဥက္ကဋ္ဌ  H.E. PANTALEON D. ALVAREZ ၏ ဖိတ်ကြားချက်အရ အာဆီယံနိုင်ငံခေါင်းဆောင်များနှင့် အာဆီယံပါလီမန်များ ညီလာခံကိုယ်စားလှယ်များ မျက်နှာစုံညီတွေ့ဆုံပွဲအတွက် အကြိုညှိနှိုင်းအစည်းအဝေး (AIPA Preparatory Meeting for the ASEAN-AIPA Leaders’ Interface) နှင့် အာဆီယံနိုင်ငံခေါင်းဆောင်များနှင့် အာဆီယံပါလီမန်များညီလာခံ ကိုယ်စားလှယ်များ မျက်နှာစုံညီ တွေ့ဆုံပွဲ(ASEAN-AIPA Leaders’ Interface) သို့ တက်ရောက်ရန် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ Ninoy Aquino အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၂၀၁၇ ခုနှစ်၊ ဧပြီ ၂၇ ရက် ညပိုင်းတွင် ရောက်ရှိခဲ့သည်။
ပြည်ထောင်စုလွှတ်တော်နာယက ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဖိလစ်ပိုင်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းနိုင် နှင့် ဖိလစ်ပိုင် အောက်လွှတ်တော်မှ တာဝန်ရှိသူများက Ninoy Aquino အပြည်ပြည်ဆိုင်ရာလေဆိပ် နှင့် Makati Shangri-La Hotel  တို့တွင် လာရောက်ကြိုဆိုနှုတ်ဆက်ကြသည်။
ပြည်ထောင်စုလွှတ်တော်နာယက ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၇ ခုနှစ်၊ ဧပြီ ၂၈ ရက် နံနက် ၉ နာရီတွင် ကျင်းပသည့် အာဆီယံနိုင်ငံခေါင်းဆောင်များနှင့် အာဆီယံပါလီမန်များညီလာခံ ကိုယ်စားလှယ်များ မျက်နှာစုံညီတွေ့ဆုံပွဲအတွက် အကြိုညှိနှိုင်းအစည်းအဝေး သို့ AIPA အဖွဲ့ဝင်နိုင်ငံများဖြစ်သော ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံတို့မှ ပါလီမန်ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ နှင့်အတူတက်ရောက်ကြသည်။
ထို့နောက် ဖိလစ်ပိုင် အောက်လွှတ်တော် ဥက္ကဋ္ဌ နှင့် အာဆီယံပါလီမန်များညီလာခံ အလှည့်ကျဥက္ကဋ္ဌ၊ အာဆီယံပါလီမန်များမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ၊ အာဆီယံပါလီမန်များ ညီလာခံ (AIPA) အထွေထွေအတွင်းရေးမှူးချုပ်တို့နှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။
ယင်းနေ့ညပိုင်းတွင် ပြည်ထောင်စုလွှတ်တော်နာယက ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ဖိလစ်ပိုင် အောက်လွှတ်တော် ဥက္ကဋ္ဌ နှင့် အာဆီယံပါလီမန်များညီလာခံ အလှည့်ကျဥက္ကဋ္ဌ က တည်ခင်းသော ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ကြသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၇ ခုနှစ်၊ ဧပြီ ၂၉ ရက်၊ နံနက်ပိုင်း တွင် ဖိလစ်ပိုင်အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသည့် (၃၀) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး နေ့လည်ပိုင်းတွင် အာဆီယံနိုင်ငံခေါင်းဆောင်များနှင့် အာဆီယံပါလီမန်များညီလာခံ ကိုယ်စားလှယ်များ မျက်နှာစုံညီတွေ့ဆုံပွဲ(ASEAN-AIPA Leaders’ Interface)  သို့ တက်ရောက်သည်။
ပြည်ထောင်စုလွှတ်တော်နာယကခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၇ ခုနှစ်၊ ဧပြီ ၃၀ ရက်၊ နံနက်ပိုင်းတွင် မလေးရှားလေကြောင်းဖြင့် မနီလာမြို့မှပြန်လည်ထွက်ခွာခဲ့ကြရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ညနေပိုင်းတွင် ပြန်လည်ရောက်ရှိသည်။

Related Posts: