ဒုတိယအကြိမ် လွှတ်တော် (၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ပြောကြားသည့် အမှာစကား

ဒုတိယအကြိမ် လွှတ်တော် (၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ပြောကြားသည့် အမှာစကား

ဒုတိယအကြိမ်လွှတ်တော်များရဲ့ (၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ ကြွရောက်လာကြသော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးချုပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပထမအကြိမ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံးကို မင်္ဂလာပါလို့ ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။

အားလုံး သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ဝကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သအပ်ပါတယ်။ မိမိအနေဖြင့် ယခုလို နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဒုတိယအကြိမ် လွှတ်တော် များ၏ (၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားမှာ အမှာစကား ပြောကြားရတဲ့အတွက်လည်း အထူးပင်ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း ပြောကြားလိုပါတယ်။

အချိန်ကာလအားဖြင့် လွှတ်တော်သက်တမ်း (၄) နှစ်တာကာလ ပြည့်မြောက်လာတာနဲ့အမျှ မိမိတို့လွှတ်တော်ကိုယ်စားလှယ်များဟာ ပြည်သူ့အကျိုးစီးပွားအတွက် ဥပဒေပြုရေးကဏ္ဍမှ မိမိတို့ နိုင်ငံနှင့်ကိုက်ညီတဲ့ ဒီမိုကရေစီစံချိန်စံညွှန်းများအတိုင်း ပြည်သူကိုဗဟိုပြုကာ ခေတ်စနစ်နှင့် အညီ ဥပဒေများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ရုပ်သိမ်းခြင်းနှင့် အသစ်ပြဋ္ဌာန်းပေးခြင်းများအပြင် မိမိမဲဆန္ဒနယ်မြေဒေသအသီးသီး၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ လိုအပ်နေမှုများ ကို ချက်ချင်း ဆောင်ရွက်ပေးနိုင်မှုများရှိသလို ရေရှည် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းရပ်များ လည်းရှိပါကြောင်း၊ စွမ်းဆောင်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးရန်မှာ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများ၏ တာဝန်များပဲဖြစ်ပါကြောင်း ပြောကြားလိုပါတယ်။

ဥပဒေပြုကဏ္ဍမှ ဥပဒေများပြဋ္ဌာန်းပြီးနောက် လက်တွေ့ကျင့်သုံးရာတွင် ဥပဒေများသည် ပြည်သူ့အတွက် အကျိုးရှိ/မရှိ၊ ပြည်သူများ ဥပဒေ၏အကာအကွယ်ကို အမှန်တကယ် ရရှိနိုင်ခြင်း ရှိ/မရှိ လေ့လာစောင့်ကြည့်နိုင်စေဖို့ ဥပဒေပြုပြီးနောက် စိစစ်ခြင်းလုပ်ငန်းများကိုလည်း ကျန်ရှိနေ သည့် လွှတ်တော်သက်တမ်းကာလမှာ အလေးထားဆောင်ရွက်ဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။ ပြည်သူများ ဥပဒေ၏အကာအကွယ်ဖြင့် အေးချမ်းလုံခြုံစွာ နေနိုင်ဖို့နဲ့ ဥပဒေ၏ အကာအကွယ်ကို တန်းတူရရှိစေနိုင်ဖို့အတွက် ကျွန်တော်တို့အားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရမှာပဲ ဖြစ်ပါတယ်။

ဒီမိုကရေစီစနစ်ဆိုတာဟာ အများအကျိုးနှင့်ယှဉ်လာလျှင် မိမိအကျိုးစီးပွားကို အထိပါးခံ နိုင်သည့် စနစ်ဖြစ်ပါတယ်။ အများဆန္ဒကို အနည်းစုက လိုက်နာပြီး အနည်းစုရဲ့ဆန္ဒကိုလည်း အများက အလေးအနက်ထား စဉ်းစားပေးခြင်းဖြင့် ဒီမိုကရေစီကိုဖော်ဆောင်ပေးကြရမှာ ဖြစ်ပါ တယ်။ မိမိတို့လွှတ်တော်ကိုယ်စားလှယ်များဟာ “ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်” ဆိုသည့်အတိုင်း သက်ဆိုင်ရာ မဲဆန္ဒနယ်အသီးသီးရှိ ပြည်သူများ၏ လိုအပ်ချက်များ၊ ဆန္ဒများ၊ ယုံကြည် မျှော်လင့်ခြင်းများ၊ စိုးရိမ်ပူပန်မှုများကို အစဉ်သိရှိနိုင်အောင် လုပ်ဆောင်ကာ ပြည်သူများ၏ ဘဝနှင့်ဆန္ဒ ထပ်တူဖြစ်စေဖို့ အစွမ်းကုန် ကြိုးစားဆောင်ရွက်ပေးကြရမှာဖြစ်ပါတယ်။ သို့မှသာ ဥပဒေပြုလွှတ်တော်များသည် ပြည်သူများ၏ ယုံကြည်အားကိုးရာ ဖြစ်လာကာ ဒီမိုကရေစီစနစ် ဟာလည်း ပိုမိုအားကောင်းလာမှာပဲ ဖြစ်ပါတယ်။

ရှေ့ဆက်ပြီးတော့လည်း ပြည်သူလူထုကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များဟာ လွှတ်တော်အလိုက်ဖြစ်စေ၊ ကော်မတီအလိုက်ဖြစ်စေ၊ ကိုယ်စားလှယ်တစ်ဦးချင်းစီအလိုက် ဆက်လက်ဆောင်ရွက်ရမည့် ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းစဉ်များကို မိမိတို့ဖြတ်သန်း လုပ်ဆောင်ခဲ့ သော ဆောင်ရွက်ခဲ့မှုများအပေါ် ပြန်လည်သုံးသပ်ပြီး အကောင်းမွန်ဆုံး သမိုင်းမှတ်တမ်းရေးထိုး နိုင်ဖို့အတွက် တစ်ဉီးချင်းစီ၏ တာဝန်ယူစိတ်ဖြင့် ပါတီစွဲ၊ ဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲများ ကင်းရှင်းစွာ ဆောင်ရွက်နိုင်ကြပါစေကြောင်း ဒုတိယအကြိမ်လွှတ်တော်များ၏ (၄) နှစ်မြောက် အခါသမယမှာ ဆန္ဒပြုတိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

Related Posts: